မင်္ဂလာပါ


Wednesday, October 3, 2007

နိုင်ငံတည်ဆောက်ရေးသည်စကားနိုင်လုသောပြိုင်ပွဲမဟုတ်

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် ပတ်သက်၍ နိုင်ငံသားအမျိုးမျိုးက သုံးသပ် ပြောကြားကြရာတွင် အယူအဆအမျိုးမျိုး ကွဲပြားနေသည် ဖြစ်သော်လည်း စနစ်တကျ ခွဲခြမ်းစိတ်ဖြာလျှင် Emotion ခေါ် စိတ်လှုပ်ရှားမှုသက်သက်ဖြင့် ပြောကြားသော သုံးသပ်ချက်နှင့် အကြောင်းအကျိုး သဘောသဘာဝနှင့် ပြောကြားသော သုံးသပ်ချက်ဟူ၍ နှစ်မျိုးသာရှိသည်ဟု ဆိုရမည် ဖြစ်ပေသည်။

နိုင်ငံသား အမျိုးမျိုးဟု အထက်တွင် သုံးနှုန်းထားခြင်းမှာ လစာရိက္ခာနှင့် တာဝန်တစ်ခုကို ထမ်းဆောင်နေသောကြောင့် တာဝန်အရ ပြောရခြင်း၊ အထောက်အပံ့ တစ်ခု ယူထားသောကြောင့် ထောက်ပံ့သူများ မငြိုငြင်အောင် ပြောရခြင်း၊ အမှန်တကယ် စိတ်ပါဝင်စားခြင်းကြောင့် ပြောခြင်း စသည့် ကွဲပြားခြားနားမှုများ ရှိနေသောကြောင့် ဖြစ်သည်။

မည်သို့ပင် ရှိနေသည်ဖြစ်စေ Emotion ခေါ် စိတ်လှုပ်ရှားမှု သက်သက်ဖြင့် ပြောဆိုလုပ်ကိုင်ခြင်းသည် မည်သို့မျှ အကျိုးမထူးသည်ကို ပတ်ဝန်းကျင်တွင် မကြာခဏ ကြုံတွေ့နေရသော ဖြစ်ရပ်များက သက်သေခံလျက် ရှိပေသည်။ တစ်ခါတစ်ရံ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အကျိုးမဖြစ်စေသည့် ဆဲရေးတိုင်းထွာခြင်း သို့မဟုတ် နင်ပဲငဆ ပြောကြားခြင်းမျိုးကိုပင် မြင်တွေ့ရတတ်ပေရာ အမှန်တကယ် လိုအပ်ချက်ဖြစ်သော အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေသည်ကို တွေ့ရသည်။

ခြုံ၍ပြောရလျှင် များစွာအရေးကြီးသော အချက်မှာ ပါဝင်ပတ်သက်နေသော stakeholder များ၏ အသိဉာဏ်ပင် ဖြစ်သည်ဟု ဆိုချင်ပါသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ သဘော သဘာဝများကို နားမလည်ဘဲ စိတ်လှုပ်ရှားမှုသက်သက်ဖြင့် ချဉ်းကပ်ခြင်းသည် စကားနိုင်လုသော ပြိုင်ပွဲများတွင်သာ အလုပ်ဖြစ်နိုင်ပြီး နိုင်ငံတည်ဆောက်ရေးနှင့် ပတ်သက်၍ မည်သို့မျှ အဖြေမထွက်နိုင်ဆိုသော အချက်ကိုကျွန်ုပ်တို့အားလုံး သဘောပေါက်ကြရန် များစွာ အရေးကြီးပါသည်။

အယ်ဒီတာ
၃-၈-၂၀၀၇

credit : LIVINGCOLOR No.146,September,2007

ကိုစစ်အိမ် ရဲ့ blog မှကူးယူဖော်ပြပါသည်။


1 comments:

Moe Hlaing Nya said...

ကျွန်တော်မြင်မိသလောက်ပြောရရင် နိုင်ငံရေးဆိုတာစိတ်ပိုင်းရုပ်ပိုင်းခံစားချက်များဖြင့် သက်ဆိုင်တယ်လို့ ယုံကြည်မိပါတယ် လူမှာအဓိက လှုံ့ဆော်နိုင်စွမ်းက ခံစားချက်ပါ ပြီးတော့ နိုင်ငံရေးဆိုတာ သိပ်ကြီးကျယ်ပြီးဆင်ခြင်တုံတရား နဲ့ ပြည့်စုံတဲ့ လူတွေသာပြောရေးဆိုခွင့် စီမံခွင့်ရှိတဲ့ အရာမျိုးလို့ မထင်မိပါဘူး လူတိုင်းပါဝင်နိုင်တယ် ငြင်းခုံခွင့်ရှိတယ် သဘောထားကွဲလွဲခွင့်ရှိတယ် ယူဆမိပါတယ် လူမှာအပြည့်စုံဆုံးဆိုတဲ့လူ ဆိုတာမရှိပါဘူး ကျွမ်းကျင်တဲ့ နိုင်ငံရေးသမားတွေ လည်းအမှားလုပ်တတ်ပါတယ် အာဏာပိုင်တွေလည်း livingcolour အယ်ဒီတာ ၏ အမှာစာသည် မြွေမသေတုတ်မကျိုး ရေးထားခြင်းသာဖြစ်တယ်လို့ ယူဆမိပါသည် ပြည်သူဆန္ဒမပါဝင်နိုင်တဲ့ နိုင်ငံရေးတွေ တည်ဆောက်ရေးတွေ အောင်မြင်ဘူးတာ ကျွန်တော်မကြားဘူးပါ...စိတ်ခံစားမှုကသာလူကိုဦး ဆောင်တယ်လို့ ယုံကြည်ပါတယ် .... livingcolour အယ်ဒီတာနဲ့ ကြုံတဲ့အခါများမှာ စကားနိုင်လုကြည့်ချင်ပါတယ် နိုင်ငံတစ်နိုင်ငံကို ဘယ်လိုတည်ဆောက်မလဲလို့....။