မင်္ဂလာပါ


Wednesday, November 7, 2007

အားမာန်ပေးတဲ့ကဗျာလေးတွေ

ကိုယ်တိုင်မရေးတတ်လို့ ဖတ်ဖူးတဲ့ကဗျာလေးတွေ မှတ်မိသလောက်
ချရေးပေးလိုက်ပါတယ်။


``ထိပ်ဆုံးသို့´´

တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေအားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ဖြစ်နိုင်ပါ့မလား
စခဲ့မိဟာပေါ့။

တစ်နေ့မှာဆုံးရာရောက်ပါလိမ့်
အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေလို့
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
မူတစ်သွင်အားအင်သစ်လိုက်ပါ့
ချစ်ဖွယ်လူသား။


ငွေတာရီ

ဒီကဗျာကတော့ဖတ်ဖူးတယ်ဆိုတာထက် ကျက်ဖူးတယ်လို့ပြောရမှာပါ။
ကလေးတုန်းက ကျောင်းစာအနေနဲ့အော်အော်ပြီးကျက်ခဲ့ကဗျာပါ။
အဲ့ဒီတုန်းက အဓိပ္ပာယ်တောင်သေချာမစဉ်းစားပဲ ကျက်ခဲ့ပေမယ့်
ဘ၀ဆိုတဲ့ကျောင်းမှာတော့ ဒီကဗျာဟာ စကားပြေပြန်စရာမလိုအောင်
မှတ်မိနေခဲ့ပါပြီ။



``ပျဉ်းမငုတ်တို´´

ဖုထစ်ရွတ်တွ၊ ငှက်လင်းတသို့
ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင်၊ တစ်ပင်တည်း။

ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ၊ အိုင်းအမာတို့
ကျယ်စွာဟက်ပက်၊ ခြအိမ်ပျက်။

ကုန်းမိုကမ်းပါး၊ မြေပက်ကြားတွင်
စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်းလက်ပြညွှန်း။

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓါးထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင်ယောင်္ကျားကောင်းတကား။


မင်းသုဝဏ်



``ရဲခဲ့သည်ပါ့´´

မြစ်တန်းမှာတဲ့ လေကြမ်းဆင်
ထန်လိုက်လေ လေမုန်တိုင်း
လှိုင်းကဘောင်ဘင်။

တစ်လှိုင်းထွက် တစ်လှိုင်းဝင်၊ ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မုန်တိုင်းလေ ရေတစ်ရိုးမှာ၊ စိုးရွံ့မှာပဲ။

မြစ်ရိုးမှာတဲ့ မိုးသက်ဆင်
လျှက်ကြိုးပျံမိုးသံထစ်
မိုးစစ်ဘုရင်။

မိုးညစ်လို့မြစ်မမြင် ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မိုးသက်လေ ရေတစ်ရိုးမှာ၊ စိုးရွံ့မှာပဲ။

စိုးမရွံ့တွန့်မတုန်
မိုးနှင့်လေရေရှုပ်ထွေး၊ ရွေးမျှမဖြုံ
ဆန်လိုက်ပြန်တုန်၊ စုန်လိုက်ပြန်ရ
ခေါက်ပေါင်းမရေနိုင်လို့
ဗေဒါခိုင်သည်မြစ်ထဲ၊ ရဲခဲ့သည်ပါ့။

ဇော်ဂျီ


``မာန်´´

အရွက်အတံ
အနှံအသီး
ဖျက်ဆီးရုံမျှ
အားမရသေး
ပင်မကိုဖြတ်
အသေသတ်လည်း
မားမတ်ညွှန့်ဝေ
ခေါင်းထောင်နေအံ့
ရေသောက်မြစ်မှ
လူးလွန့်ထကာ
ခက်မရှင်သန်နေအုံးမည်။


မောင်စိန်ဝင်း(ပုတီးကုန်း)




မီးရဲရဲမှာကင်
ပေပေါ်တင်တူနဲ့ထု
ဒုက္ခရဲ့ ကြည်စားမှုတွေထဲ
အနေရဲစွာဖြတ်သန်း
ဒဏ်ရာကိုပန်းလိုနမ်းပြီးမှ
အကြမ်းထည်ဘ၀ကုန်ဆုံး
သံမဏိအားလုံးဓါးဖြစ်လာမယ်။


ဒီကဗျာကတော့ မဂ္ဂဇင်းဝတ္ထုတိုတစ်ပုဒ်ထဲမှာဖတ်ခဲ့ဖူးတာလို့ထင်ပါတယ်။
ခေါင်းစဉ်ရောရေးသူပါမသိတော့ပေမယ့်အထုအထောင်းခံရတဲ့အခါတိုင်း
ပြန်ပြန်ရွတ်မိလို့ မှတ်မိနေတဲ့ကဗျာပါ။ဒါပေမယ့် ``ဓါးမဖြစ်ခင် ငါတော့ပြာဖြစ်ရချည်ရဲ့ ´´လို့တွေးခဲ့ဖူးတာလည်းအခါခါပါပဲလေ...။

6 comments:

Mhaw Sayar said...

၎င်း ကဗျာသုံးပုဒ်လုံးကို ကော်ပီ၊ ပေ့စ်ထ် လုပ်ကာယူသွားပါ၏။ ရှာဖွေဖော်ပြပေးခြင်း အတွက်ကျေးဇူးပါ။

အောင်မြင်ပါစေ

မျှားပြာ said...

ကဗျာလေးတွေ အကုန်ယူသွားတယ်ဗျို့  မျှဝေပေးတာ ကျေးဇူးပါ.. ဆရာမင်းသုဝဏ်ရဲ့ ကဗျာလေးကတော့ ကဗျာတွေကို ဖတ်တတ်စတည်းက ကြိုက်တာ . အဆင်ပြေါစေဗျာ ..။

Anonymous said...

ထိပ်ဆုံးသို့ ကဗျာက ကျွန်တော်လည်း အရမ်းကြိုက်တယ်။ အခက်အခဲကြုံတိုင်း ဒီကဗျာလေးဘဲ ပြန်ရွတ်ကြည့်ပြီး ကိုယ့်ကိုယ်ကို အားပေးရတယ် ။

ငွေတာရီ ရေးခဲ့မှန်းတော့ မသိဘူး။ ဒီမှာ တွေ့မှဘဲ သိတော့တယ်။

သက်နိုင် said...

ကျွန်တော် စိတ်ဓာတ်ကျတဲ့ အချိန်တိုင်း လာဖတ်မယ်။ bookmarks မှတ်ထားတယ်။ ကျေးဇူးနော်။

သက်နိုင် said...

my page မှာ အကုန်ထည့်လိုက်ပီ။ :P ကျောင်းကလုပ်တဲ့ ကန်သန့်ဆိုဒ်မှာ ။ ဟီး... စိတ်တော့ ဆိုးဘူးမို့လား။ ကျွန်တော်လဲ အားမာန်တွေ ခဏခဏ လိုတတ်လို့ပါဗျာ။ စိတ်မဆိုးနဲ့ နော်။

သက်နိုင် said...

လေလွင့်သူဆိုတာ အရင် ကျွန်တော် ဘလော့ စမ်းလုပ်တုန်းက ပေးထားတာ အစ်မ သိမှာမဟုတ်ဘူး ကောက်ရိုးမီး ဆိုရင်တော့ သိမယ်ထင်တယ်။ :P