တစ်ခုသောဆောင်းဥတုရဲ့
ဟောဒီလိုနေ့ရက်တစ်ခုမှာ
အစပြုခဲ့ပါတယ်။
ဘယ်နက္ခက်နဲ့ စန်းယှဉ်မှန်းမသိတဲ့
သန်းခေါင်ကျော် ညဉ့်နက်နက်မှာ
အပ်နှစ်စင်းပေါင်းဆုံမှုထက်
ခက်ခဲတဲ့ဖြစ်တည်မှုနဲ့အတူ
လူဖြစ်လာခဲ့သတဲ့။
သူတကာထက် မထူးခြားတဲ့
သာမန်လူသားတစ်ယောက်ပါပဲ
အထွန်းဖွားဆိုသော်လည်း
ဘယ်နေရာမှမထွန်းကားခဲ့သလို
နတ်တော်မှာမွေးပြီး မတော်ခဲ့တာလည်း
လွဲချော်မှုတစ်ခုထင်ပါရဲ့။
ရှင်သန်ခဲ့ပြီးသလောက်ကတော့
ကမောက်ကမနဲ့ပေါ့။
နောက်လာမယ့် အနာဂါတ်အတွက်လည်း
အားတင်းလျက်ပါပဲ။
ဒီဇင်ဘာရေ...
မင်းကနှင်းတွေ အခါခါရွာချပေမယ့်
ငါကခုထိ မအေးမြနိုင်သေးဘူး။
တစ်နှစ်ပြီးတစ်နှစ် သစ်နေတဲ့
ငါချစ်တဲ့ဆောင်းရေ...
မင်းမရှိတဲ့မြေမှာ
နှင်းဝေတဲ့ နံနက်ခင်းတွေကိုလွမ်း..လို့။
Tuesday, December 4, 2007
၎၊ ဒီဇင်ဘာ အမှတ်တရ
Posted by
tuzzaung
at
4:54 PM
11
comments
Links to this post
Labels: ကဗျာ
Saturday, December 1, 2007
ပွဲစဉ်မှတ်တမ်း(၂၃)၊(၃၂)
ဒီနေ့တော့အလည်သွားရင်းဖတ်ခဲ့ရတဲ့ linoo2007 ရဲ့ကဗျာလေးနဲ့
ဆားချက်ရင်း...ဒီဇင်ဘာ(၁)ရက်ကို နှုတ်ခွန်းဆက်လိုက်ပါတယ်။![]()
``ပွဲစဉ်မှတ်တမ်း(၂၃)´´
သံသရာအသင်းမှာ ဆက်ပြီးကစားဖို့
သေခြင်းတရားဆီကနေ
ဒုက္ခကိုအလိုက်ပေးပြီး
မေမေကျွန်တော့်ကို ၀ယ်ယူခဲ့တယ်။
ဒီရာသီမှာလည်း
ဖလားလက်မဲ့နဲ့ ပွဲသိမ်းခဲ့တဲ့အကြောင်း
မေမေ့ကို ဘယ်လိုပြောရမလဲ။
တန်းဆင်းဇုန်ထဲမရောက်အောင်
ရုန်းကန်နေရတဲ့ အသင်းတစ်သင်းလောက်ပဲ
သားက ရပ်တည်ခဲ့ချင်တာပါမေမေ။
ငွေကြေးနဲ့ အောင်မြင်မှုအတွက်
အသင်းပြောင်းပြီး ခြေစွမ်းမပြချင်ဘူး။
မေမေရေ.........
ခုဆိုရင်
သားရဲ့တောအုပ်မှာ
အနာဂတ်တွေခဏ ခဏ ခုတ်လှဲခံခဲ့ရပေါ့။
လောကနဲ့ အချိတ်အဆက်မိအောင်
မကစားနိုင်ခဲ့တော့လည်း
အခွင့်အရေးဆိုတာ
မိနစ်ကိုးဆယ်မပြည့်ခင် လူးစားလဲခံခဲ့ရတယ်။
ဗျူဟာအခင်းအကျင်းကပဲ လွဲနေလို့လား
ရိုးသားခြင်းဟာ
ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိသလို
ဖြစ်ဖြစ်နေတော့
မျှော်လင့်ချက်တွေလည်း
ဂိုးမိုးခေါင်ခဲ့တာကြာပြီ။
အနုပညာဆိုတာ
ဖြေဆေးမရှိတဲ့ အဆိပ်ခွက်ဖြစ်ခဲ့ရင်တောင်
ကျေကျေနပ်နပ်ကြီး မော့သောက်ရဲသူပါ မေမေ ။
အခုတော့ ကံကြမ္မာကလပ်နဲ့ ခြေစမ်းပွဲမှာ
ဂိုးတိုင်ပျောက်နေတဲ့
ကဗျာရှေ့တန်းတိုက်စစ်မှူးဟာ
မေမေရဲ့သား ဖြစ်နေလေရဲ့...။
မူရင်း-->လင်းဦး
``ပွဲစဉ်မှတ်တမ်း(၃၂)´´
မေမေရေ...
ဟောဒီသံသရာအသင်းမှာဆက်ကစားဖို့
သေခြင်းတရားဆီက
ဒုက္ခနဲ့အလိုက်ပေးဝယ်ခဲ့တဲ့သားအတွက်
ဘယ်တော့မှရင်းစားမရှုံးစေရဘူး။
ဖလားလက်မဲ့နဲ့ပွဲသိမ်းခဲ့ဖြစ်ရင်တောင်
မဆုတ်မနစ်တဲ့စွမ်းဆောင်ချက်အတွက်
မေမေကျေနပ်နိုင်ကောင်းပါရဲ့။
အသင်းကောင်းမဖြစ်သေးရင်တောင်
ငွေကြေးနဲ့မလဲရက်တဲ့စိတ်ဓါတ်နဲ့
သားဂုဏ်ယူတတ်ပါတယ်။
အနာဂတ်တွေခဏခဏခုတ်လှဲခံရတဲ့
သားရဲ့တောအုပ်လေးစိမ်းလန်းအောင်
အကြိမ်ကြိမ်ပျိုးထောင်ပြမယ်။
လောကနဲ့အချိတ်အဆက်မမိဘဲ
လူစားလဲခံခဲ့ရရင်တောင်
ဘ၀ဆိုတာမိနစ်ကိုးဆယ်နဲ့ပြီးသွားမဲ့
ကစားပွဲမှမဟုတ်တာ။
ဟောသည်သံသရာအသင်းမှာ
ထာဝရအသင်းဝင်နေသရွေ့
လက်ရွေးစင်ဖြစ်မလာဘူးလို့
ဘယ်သူပြောနိုင်မလဲမေမေ။
ဗျူဟာအခင်းအကျင်းမှားလို့
ရိုးသားစွာကိုယ့်ဂိုးကိုယ်သွင်းမိခြင်းဟာ
မရိုးသားစွာပယ်နယ်တီချော်သွင်းတာလောက်တော့
ခံပြင်းစရာမရှိပါဘူးနော်..မေမေ။
အနုပညာဆိုတဲ့ဖြေဆေးမရှိတဲ့
အဆိပ်ခွက်ကိုကျေနပ်စွာသောက်သုံးတတ်ပေမဲ့
အရှုံးထွက်နေတဲ့ပွဲစဉ်မှာ
နှစ်ဝါ တစ်နီဖြစ်စေတဲ့အတွန်းအတိုက်ကို
မနှစ်ခြိုက်တဲ့သားပါမေမေ။
သားရဲ့ဆန္ဒစောမှုကြောင့်
လူကျွံဘောအဖမ်းခံထိတတ်ပေမဲ့
ရည်မှန်းချက်တွေယိမ်းယိုင်
ဂိုးတိုင်တော့မပျောက်စေရဘူးမေမေ။
မေမေရေ...
ဘယ်လောက်ပဲဂိုးမိုးခေါင်ခေါင်
တောင်ဘက်မှာမိုးညိုလာအောင်
တစ်ခုတ်တရပျိုးထောင်ထားတဲ့
တောအုပ်လေးကြောင့်
လေထုတွေအေးမြလို့
ဂိုးမိုးတွေဖြိုင်ဖြိုင်ကျတဲ့တစ်နေ့မှာ
အဲ့ဒီကံကြမ္မာရဲ့ရင်ဝကို
(ခပ်ပြင်း..ပြင်း..လေး)
သား..ကန်သွင်းပြမယ်မေမေ။
မိတ္တူ-->တူးတူး
Posted by
tuzzaung
at
6:31 PM
0
comments
Links to this post
Labels: ကဗျာ













